၂၀၂၁ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာလူဖြစ်ရတာ မလွယ်လှပါဘူး။ စစ်အာဏာသိမ်းခဲ့လိုက်အတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ လူတွေအတွက်၊ လူ့အသိုင်းအဝိုင်းအတွက်အရေးပါတဲ့ အကြောင်းအရာတွေဟာ အဘက်ဘက်ချွတ်ခြုံကျခဲ့ရပါတော့တယ်။
မြန်မာနိုင်ငံသားတွေဟာ နိုင်ငံ့သမိုင်းမှာ မရှိခဲ့ဖူးတဲ့ပုံစံနဲ့ ပြည်တွင်းစစ်ကြီးကို ဖြတ်သန်းနေရပါတယ်။ အိမ်တွေရွာလုံးကျွတ်မီးရှို့ခံရတာ၊ ပစ္စည်းဥစ္စာတွေကို ခိုးဝှက်လုယူတာ၊ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာသတ်ဖြတ်တာ၊ စစ်ရှောင်ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်တာ စတဲ့အခြေအနေတွေကြောင့် မြန်မာနိုင်ငံမှာ လူဖြစ်ရတာမလွယ်တာပါ။
ဒီလိုပဲ မြစ်ကြီးနားမှာ ဒီရက်ပိုင်းအတွင်း လူဖြစ်ရတာမလွယ်ပါဘူး။ မြန်မာပြည်မြောက်ဘက်က ကချင်ပြည်နယ်ရဲ့ မြို့တော်လို့ဆိုပေမဲ့ သဘာဝဘေးဒဏ်၊ စစ်ဘေးဒဏ်နဲ့ တခြားဒုက္ခတွေကို ရင်ဆိုင်နေရတဲ့အတွက် မလွယ်တာပါ။ အသေးစိတ်က ဒီလို-
ရေဘေးကြုံရတဲ့ဒုက္ခ
မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရေဟာ ဇွန်လ ၃၀ ရက် ညပိုင်းကနေ အချိန်တိုအတွင်း မြစ်ဘေးရပ်ကွက်တွေနဲ့ မြေနိမ့်ရပ်ကွက်တွေမှာ ရေတွေစဝင်လာပါတယ်။
တအိအိနဲ့ဝင်လာတဲ့ရေတွေဟာ ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်ကျော်ပြီး ရပ်ကွက်အများစုကို ရေတွေဖုံးလွမ်းသွားခဲ့ပါတယ်။
ဒါဟာ မြစ်ကြီးနားမြို့မှာ နှစ် ၂၀ အတွင်းအဆိုးဝါးဆုံး ရေကြီးရေလျှံမှုလို့ပြောရင် မှားမယ် မထင်ပါဘူး။
မြစ်ဘေးမှာရှိတဲ့အတွက် ဘယ်အချိန်ရေကြီးနိုင်တယ်ဆိုတာ ဒေသခံတွေသိသင့်သလောက်သိပေမဲ့ ဒီတစ်ခါတော့ အများစုဟာ မမျှော်လင့်ဘဲ တရှိန်ထိုးတက်လာတဲ့ရေတွေကြားထဲ ပြေးလမ်းပျောက်ခဲ့ရသူတွေ မနည်းပါဘူး။
မချမ်းဘော့မြို့မှာရေကြီးခဲ့တဲ့အတွက် မြစ်ကြီးနားမြို့အတွက် အန္တရာယ်ရှိနိုင်ပေမဲ့ အာဏာပိုင်တွေဟာ ဒေသခံတွေကို ကြိုတင်အသိပေးနိုးဆော်တာတွေ မလုပ်ခဲ့ပါဘူး။
ကြိုတင်အသိပေးဖို့ပျက်ကွက်ခဲ့ပေမဲ့ ရေကြီးလို့ဒုက္ခရောက်တဲ့အချိန်ကူသလားဆိုတော့လည်း ဇူလိုင် ၁ ရက်နေ့ တစ်နေကုန် ဘယ်ပျောက်နေကြမှန်း မသိ၊ ရှာလို့ကိုမတွေ့တာပါ။
ရေကြီးလို့ ပိတ်မိတဲ့သူ၊ ရေနစ်တဲ့သူ၊ ခိုးဆိုးလုယက်တဲ့သူတွေကြားထဲ မြစ်ကြီးနားသားဖြစ်ရတာ တကယ်မလွယ်ပါဘူး။
ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ပရဟိတသမားတွေသာ မရှိရင် အသေအပျောက်စာရင်းက ဒီထက်များနိုင်တာပေါ့။
ကယ်ဆယ်ရေးအဖွဲ့တချို့လည်း ဆီမရှိလို့ လူမကယ်နိုင်။ ဆီဈေးတက်တာအကြောင်းပြပြီး တချို့ကလည်း ပိုက်ဆံမပေးရင် မကယ်တဲ့သူနဲ့။
တချို့ကြပြန်တော့လည်း ကယ်သလိုလိုနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် စက်လှေနဲ့ ပစ္စည်းတွေလိုက်ခိုး။ အာဏာပိုင်တွေ သူတို့အလုပ်သူတို့မလုပ်တော့ ဒေသခံတွေက သိလည်း ဘာမှလုပ်မရ။
တချို့ကြတော့လည်း လမ်းရေကျော်လို့ အိမ်မပြန်နိုင်တဲ့သူတွေကို ဝါး ၄-၅ ချောင်းနဲ့လုပ်ထားတဲ့ ဖောင်လေးနဲ့ ဟိုဘက်ဒီဘက်ပို့ပေးပါရဲ့။ ဆိုင်ကယ်တစ်စီး ၈၀၀၀ ကျပ် ယူသတဲ့။
အခုတော့ ဧရာဝတီမြစ်ကြီးဟာ ရေကျသွားပြီဆိုပေမဲ့ ရေဝပ်လို့ ဆက်ပြီးပိတ်မိနေသူတွေ၊ အကူအညီလိုအပ်နေသူတွေ ဒုနဲ့ဒေးရှိပါသေးတယ်။
ရေဝပ်နေတုန်းမလို့ ရေငတ်တဲ့သူတွေ၊ အစားအသောက်ခက်ခဲတဲ့သူတွေ၊ ဆေးကုဖို့ လိုအပ်နေသူတွေ၊ နေ့စေ့လစေ့ မွေးခါနီးနေတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ အများကြီးရှိဦးမှာပါ။
ပြည်နယ်ကောင်စီဥက္ကဋ္ဌက သူ့ရပ်ကွက်ကလူတွေကို ဦးစားပေးကယ်ထုတ်နေပေမဲ့ တခြားရပ်ကွက်တွေမှာလည်း အကူအညီလိုအပ်နေသူတွေ အများကြီးရှိနေသေးတာကို သတိရစေချင်ပါတယ်။
မီးပျက်တဲ့ဒုက္ခ
မြစ်ကြီးနားမှာရေမကြီးခင် တစ်ရက်အလိုမှာ မီးစပျက်ပါတယ်။ အခုထိလည်း မလာသေးပါဘူး။
မီးပျက်တော့ ဖုန်းအားသွင်းမရလို့ ဒုက္ခရောက်ရတာနဲ့ ရေတင်မရလို့ ရေချိုးဖို့ခက်တဲ့သူနဲ့ ထမင်းအိုးတည်မရသူနဲ့ ခက်နေကြတာပါ။
ဖုန်းအားကုန်ခါနီး မီးစက်နိုးပေးတဲ့ လက်ဖက်ရည်ဆိုင်ပြေးပြီး ဖုန်းအားသွင်းရတာအမော။ အရေးထဲ ပလပ်ပေါက်ရှိတဲ့ ခုံတွေပြည့်နေရင်တော့ စောင့်ပေဦးတော့ပဲ။
မလွယ်ရေးချ မလွယ်ပါဗျာ။ မြစ်ကြီးနားမှာ မီးပျက်တာလည်း စစ်ကောင်စီတပ်ကြောင့်လို့ပြောရမယ်ဗျာ။
ဒဘတ်ကျေးရွာနားက လျှပ်စစ်သွယ်တန်းထားတဲ့ဓာတ်တိုင်တွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးပစ်တာ သူလေ။
လက်နက်ကြီးနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တဲ့အပြင် အခုထိလည်း ပြင်ခွင့်မပေးဘဲ တာဝန်ရှိသူတွေပြင်ဖို့သွားတိုင်း လက်နက်ကြီးနဲ့ လှမ်းလှမ်းထုတဲ့အတွက် ချီဖွေငယ်ရေအားလျှပ်စစ်စက်ရုံက မီးကိုပဲ မြစ်ကြီးနားဒေသခံတွေ အလှည့်ကျသုံးနေရတာပါ။
ဖုန်းလိုင်းမရတဲ့ဒုက္ခ
မီးကပျက်၊ ရေကကြီးပါတယ်ဆို ဖုန်းလိုင်းတွေက ရတစ်ချက် မရတစ်ချက်ပါပဲဗျာ။
လက်ဖက်ရည်ဆိုင်မှာ ပေါ့စိမ့်လေးသောက်ရင်း အားသွင်းခဲ့တဲ့ ဖုန်းကို ဖုန်းခေါ်ဖို့ကြည့်လိုက်တော့ လိုင်းကမရှိ။
အဲ့တာနဲ့ ဘယ်နေရာလိုင်းရလဲလို့ ဆိုင်ကယ်နဲ့ ပတ်ရပြန်ရော။ မြို့သစ်မှာလိုင်းအားလုံးရတယ်ဆိုလို့ ဖုန်းပြောချင်ရင် မြို့သစ်ရပ်ကွက်ကိုပြေးရတာလည်း အမော။
ဆိုင်ကယ်မောင်းနေရင်း အင်တာနက်မိလို့ စာတိုလေးဝင်လာရင်ကို ဆိုင်ကယ်လမ်းဘေးရပ်ပြီး လိုင်းလေးခဏသုံးနေရတဲ့ အခြေအနေက ခေတ်ကို နှစ် ၂၀ လောက် နောက်ပြန်ရောက်သွားသလိုပါပဲ။
စက်သုံးဆီဝယ်မရတဲ့ဒုက္ခ
မီးပျက်၊ ရေကြီး၊ လိုင်းမမိတဲ့ဒုက္ခတွေနဲ့အတူ စက်သုံးဆီဝယ်မရတဲ့ဒုက္ခလည်း မသေးလှပါဘူး။
မြစ်ကြီးနားမြို့အများစုဟာ တရုတ်ထုတ်ဆိုင်ကယ်တွေကို အားထားနေကြရပေမဲ့ အခုရက်ပိုင်း စက်သုံးဆီရှားပါးတာက လွန်ရောဗျာ။
ဆိုင်ရာပိုင်ရာတွေနဲ့နီးစပ်တဲ့သူတွေ၊ ကြိုတင်ပြင်ဆင်ထားကြသူတွေနဲ့ စက်သုံးဆီဆိုင်က ဆီရောက်လို့ရောင်းတဲ့အချိန်အလျင်မီလို့ ဝယ်ထားနိုင်သူတွေကလွဲပြီး ကျန်တဲ့သူတွေက ဒုက္ခရောက်တာပေါ့။
လမ်းဘေးဆိုင်ကယ်တွန်းတာတွေ့လို့ ဆိုင်ကယ်စက် (အင်ဂျင်) ရေဝင်သလားမေးရင် အများစုက ဆီကုန်သွားလို့ တွန်းနေရတာပါတဲ့။
တချို့ကြတော့လည်း ဘယ်ကရလာမှန်းမသိတဲ့ စက်သုံးဆီတွေကို ဂါလံပုံးကြီးလမ်းဘေးချပြီး ဆီရောင်းပေးနေတာများ ရွာကကွမ်းတောင်ကိုင်ကို လူပျိုတွေပိုးဖို့စောင့်နေသလို ဝိုင်းဝိုင်းလည်လို့။ ဆီကတော့ တစ်လီတာ တစ်သောင်းကျပ်တဲ့ဗျာ။
ရေမကြီးခင်တုန်းက တိုက်ပွဲတွေဖြစ်လို့ ဓာတ်ဆီတစ်လီတာ ၅၀၀၀ ပတ်ဝန်းကျင်ဖြစ်သွားတာကို များလှပြီထင်နေတာ ဘယ်ဟုတ်မတုံး။ အခုတော့ ဝယ်လို့တောင်မရ။ ရောင်းတဲ့သူကလည်း တစ်လီတာ တစ်သောင်းနဲ့ တစ်သောင်းခွဲအောက်ကို မဆင်းတော့ဘူး။
တစ်လီတာ တစ်သောင်းတို့ တစ်သောင်းခွဲတို့နဲ့ ရောင်းလည်း ရှိသမျှခဏနဲ့ ရောင်းကုန်တာပါပဲ။ ကုန်မှာပေါ့ ရောင်းလိုအားထက် ဝယ်လိုအားက အဆမတန်များနေတာကိုး။
မြစ်ကြီးနားဒေသခံတွေရဲ့ဒုက္ခတွေကို ညည်းပြရတာ အကြောင်းရှိပါတယ်။ မြစ်ကြီးနားမှာ ကျသွားတဲ့မြစ်ရေဟာ ဗန်းမော်မှာ ဒီညနေမှာပဲ တအိအိနဲ့ဝင်လာနေပါပြီ။
တကယ်တမ်းဖြစ်လာရင် ကူဖို့ကယ်ဖို့ ရှာရခက်နိုင်တာမို့ အစားအသောက်၊ ဆေးဝါး၊ စက်သုံးဆီတွေကို ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ ညည်းပြရခြင်းပါ။
ပြီးတော့ စစ်အာဏာရှင်အောက် မြစ်ကြီးနားမှာလူဖြစ်ရတာ မလွယ်တဲ့အကြောင်း မှတ်တမ်းတစ်ခုအနေနဲ့ ချပြရတာပါ။
ကချင်ပြည်နယ်သူ ပြည်နယ်သားအားလုံးဘေးရန်ကင်းဝေးပြီး ငြိမ်းချမ်းကြပါစေ။