သတင်းဆောင်းပါး-ကောင်းထက်မြတ်
လက်ရှိကမ္ဘာကြီးသည် အိုင်တီနည်းပညာခေတ်ဖြစ်သောကြောင့် သတင်းအချက်အလက်များအပြင် လူမှုစီးပွားရေးအတွက် ဆက်သွယ်ရေးနည်းပညာသည် ခေတ်စနစ်အရ မရှိမဖြစ်လိုအပ်နေသော အရာတစ်ခုဖြစ်သည်။
နိုင်ငံအများစုသည် အိုင်တီခေတ်တွင် နည်းပညာနှင့်ပတ်သက်ပြီး အပြိုင်အဆိုင်ကြိုးစားနေကြသော်လည်း စစ်အာဏာရှင်အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ကန့်သတ်ခံနေရပြီး ပြည်သူများကို အမှောင်ချထားသည်။
ကချင်ပြည်နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည်မှာ ဩဂုတ်လ ခြောက်ရက်နေ့ဆိုလျှင် ဆယ့်ခုနှစ်ရက်တိတိရှိပြီဖြစ်သည်။
သို့သော်လည်း ကချင်ပြည်နယ် မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့မှ MPT ရုံးအနီးတစ်ဝိုက်၊ ဌာနဆိုင်ရာရုံးအချို့နှင့် ရပ်ကွက်အချို့တွင်မူ အချိန်ပိုင်းဖြင့် ဖုန်းလိုင်းအနည်းငယ်ရရှိနေကြောင်း ဒေသခံများကဆိုသည်။
ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံထားရသည့် အကြောင်းအရင်းနှင့်ပတ်သက်ပြီး ဖုန်းအော်ပရေတာများက ကွန်ရက်လိုင်းပြင်ဆင်မှုကြောင့်ဟု အကြောင်းပြချက်ပေးထားပြီး မည်သည့်အချိန်တွင် ပြန်လည် အသုံးပြုနိုင်မည်ကို တိတိကျကျဖြေကြားခြင်းမရှိပေ။
ကချင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ် ဦးခက်ထိန်နန်က စစ်ကိုင်းတိုင်းတွင် ကေဘယ်ကြိုးများ ပြတ်တောက်နေသောကြောင့် ယခုကဲ့သို့ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းဖြစ်ကြောင်း KNG သတင်းဌာနကို အကြောင်းပြချက်ပေးထားသည်။
KIA ပူးပေါင်းတပ်က မြို့ပြတိုက်ပွဲတွေဆင်နွှဲမည်ဆိုသော သတင်းများအပြင် စစ်ကောင်စီတပ်က ခုခံစစ်အတွက် စစ်ရေးပြင်ဆင်နေသောကြောင့် အခြားဒေသများနှင့် ပြည်ပရောက်ရှိနေသော ကချင်ပြည်နယ်ဒေသခံများသည် မိသားစုဝင်များအတွက် စိုးရိမ်ပူပန်နေကြောင်း ရေးသားထားသည့် ပိုစ့်များကို ဖေ့စ်ဘုတ်လူမှုကွန်ယက်တွင် နေ့စဉ်နှင့်အမျှ မြင်တွေ့နေရသည်။
KIA ထိုးစစ်ပြန်လည်စတင်
========
ဇူလိုင်လ၏အစတွင် ကချင်ပြည်နယ်တွင် ရေဘေးကာလဖြစ်သောကြောင့် တိုက်ပွဲများ လုံးဝရပ်စဲသွားပြီးနောက် ရေဘေးကာလအလွန်တွင်မူ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အပြင် ဖုန်းနှင့်အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်။
စစ်ကောင်စီတပ်က ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့် ကာလအတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့တွင် လက်နက်ကြီးပစ်ခတ်သံများ မကြာခဏကြားရသည်ဟု မြို့ခံများကဆိုသည်။
လက်ရှိ ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့် နေရာမှာ မိုးမောက်မြို့နယ်၊ ဗန်းမော်မြိုနယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင်ဖြစ်ပြီး ဝိုင်းမော်မြို့နယ်တွင်မူ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားခြင်းတော့မရှိပေ။
မိုးမောက်မြို့နယ်တွင် နောက်ဆုံးကျန်ရှိတော့သည့် ခြေမြန်တပ်ရင်း ခမရ (၄၃၇) ကို KIA ကို ပူးပေါင်းတပ်က ဇူလိုင်လနောက်ဆုံးအပါတ်တွင် တစ်ကျော့ပြန် တိုက်ခိုက်နေသည်။
စခန်းဧရိယာကျယ်ပြန့်ခြင်း၊ မြေပြန့်တွင်တည်ရှိခြင်းနှင့် လက်နက်အပြည့်အစုံတပ်ဆင်ထားသော စခန်းဖြစ်သည့်အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေသောကြောင့် အပြီးသတ်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း KIA သတင်းရင်းမြစ်များကဆိုသည်။
မိုးမောက် ခမရ (၄၃၇) တပ်သည် ဗန်းမော်မြို့တွင်းနှင့် ၇ မိုင်ခန့်ကွာဝေးသောနေရာတွင် တည်ရှိပြီး ဗန်းမော်မြို့ကိုကာကွယ်ပေးထားသော စခန်းတစ်ခုဖြစ်သည့်အတွက် စစ်ကောင်စီတပ်က အပြင်းအထန်ခုခံကာကွယ်နေသည်။
မိုးမောက် ခမရ (၄၃၇) တပ်ကို ဗန်းမော်မြို့မှ စစ်ကူလွတ်လိုက်သည့် စစ်ကြောင်းနှင့် KIA ပူပေါင်းတပ်တို့ လမ်းခုလတ်တွင်တိုက်ပွဲဖြစ်ပွားနေသည်ဟု KIA သတင်းရင်းမြစ်များကဆိုသည်။
ထို့အပြင် ဗန်းမော်မြို့အဝင်မှ ကျေးရွာများဖြစ်သည့် ကောင်ဂျာယန်ကျေးရွာအပြင် ဗန်းမော်တက္ကသိုလ် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် KIA ပူးပေါင်းတပ်၏ထိုးစစ်ကြောင့် တိုက်ပွဲများဖြစ်ပွားနေပြီး တိုက်ပွဲနှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေကို မသိရသေးပါ။
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းတွင် ဆက်စပ်တည်ရှိနေသည့် ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များမှ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်ဟု စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။
အလားတူ KIA က မြစ်ကြီးနားမြို့မှ မိုင် ၅၀ကျော်ကွာဝေးသည့် မြစ်ကြီးနားမြို့နယ် တီယန်ဇွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းများနှင့် အင်ဆွပ်ဇွပ်ကျေးရွာက စစ်ကောင်စီတပ်စခန်းများကို ဩဂုတ်လ တစ်ရက်နေ့က တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့သည်။
ဒုတိယမြောက်နေ့တွင် တီယန်ဇွပ်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းနှင့်အနီးအနားရှိ တပ်စခန်းငယ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်းအမြောက်များသိမ်းဆည်းရမိသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးရမိခဲ့သည်ဟုဆိုသည်။
တီယန်ဇွပ်ကျေးရွာနှင့် အင်ဆွပ်ဇွပ်ကျေးရွာမှ စစ်ကောင်စီတပ်စခန်းသည် မြစ်ကြီးနား-ပူတာအို လမ်းပိုင်းတွင်တည်ရှိပြီး စစ်ကောင်စီမျက်စပစ်နေသော မြစ်ဆုံနှင့် ၂၅ မိုင်အကွာတွင်တည်ရှိပြီး ဗျူဟာအရအရေးပါသော စခန်းများဖြစ်သည်။
ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံထားရသောကြောင့် အခြားဒေသများတွင် တိုက်ပွဲဖြစ်ပွားခြင်း ရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ခံစစ်ပြင်ဆင်နေတဲ့ စစ်ကောင်စီတပ်
============
မြစ်ကြီးနားမြို့နှင့်နီးကပ်လာသော KIA ပူးပေါင်းတပ်၏ ထိုးစစ်ကို တုံ့ပြန်ရန်အတွက် စစ်ကောင်စီတပ်က မြို့အဝင်နှင့်မြို့အနီးပတ်ဝန်းကျင်ရှိကျေးရွာများတွင် တပ်စွဲခြင်း၊ စစ်ရေးပြင်ဆင်ခြင်းနှင့်အတူ တပ်စခန်းပတ်ပတ်လည်တွင် ကတုတ်ကျင်းတူးဖော်ခြင်းများပြုလုပ်နေသည်။
ဩဂုတ်လ လဆန်းပိုင်းက စစ်ကောင်စီတပ်က မြစ်ကြီးနားမြို့အထက်ဘက်ရှိ ပလနကျေးရွာ၊ နောင်နန်းကျေးရွာအနီးတစ်ဝိုက်၊ ဂျော်ဘွမ်ဆုတောင်းတောင်နှင့် ဆယ်မိုင်ကျေးရွာတွင် တပ်စွဲခဲ့သကဲ့သို့ အဆိုပါနေရာများတွင် လက်နက်ကြီးများတပ်ဆင်ထားကြောင်း ဒေသခံများကဆိုသည်။
အဆိုပါကျေးရွာများရှိ ပြည်သူများ၏နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ငါးဦးတစ်ဖွဲ့၊ ခြောက်ဦးတစ်ဖွဲ့ဖြင့် ဝင်ရောက်နေထိုင်ခဲ့သောကြောင့် လူသားဒိုင်းကာပြုလုပ်ခံရမည်ကို ဒေသခံပြည်သူများ စိုးရိမ်ခဲ့ကြသည်။
ဩဂုတ်လ ၅ ရက်နေ့(ယမန်နေ့)တွင် အဆိုပါကျေးရွာများတွင်တပ်စွဲနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြစ်ဆုံသွားရာလမ်းရှိ အောင်မြင်သာကျေးရွာမှ စေတီ၊ တန်ဖဲလမ်းတစ်လျှောက်နှင့် မြစ်ဆုံစေတီတွင် ထပ်မံပြောင်းရွှေ့ကာ တပ်စွဲနေကြောင်း ဒေသခံများကဆိုသည်။
မြစ်ကြီးနားမြို့အပြင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် အဝင်၊ အထွက် ခရီးသည်တင်ကားများ၊ အိမ်စီးကားများနှင့်ခရီးသည်များကို နေ့စဉ်စစ်ဆေးများတင်းကြပ်စွာလုပ်ဆောင်နေသည်။
ထို့အပြင် ဝိုင်းမော်မြို့ပြင်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၅၈) တပ်နှင့် ဝူယန်ကျေးရွာက ပြည်သူ့စစ်စခန်း ပတ်ပတ်လည်တွင် ကတုတ်ကျင်းတူးပြီး ရံဖန်ရံခါလက်နက်ကြီးနှင့်လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများထံမှသိရသည်။
KIA ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဆိုသော သတင်းများထွက်ပေါ်နေချိန်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံလိုက်ရပြီး စစ်ကောင်စီတပ်က ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု စစ်ရေးသုံးသပ်သူများကဆိုသည်။
မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့အပြင် အခြားဒေသများတွင် စစ်ကောင်စီတပ်အနေဖြင့် မည်ကဲ့သို့ စစ်ရေးပြင်ဆင်နေသည်ကို သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
သတင်းအမှောင်ချထားပြီး KIA ရဲ့ ထိုးစစ်ကို တားဆီးနိုင်မှာမဟုတ်ဟုဆို
=======================
စစ်ကောင်စီတပ်က ကချင်ပြည်နယ်ကို သတင်းအမှောင်ချထားသော်လည်း KIA ၏ ထိုးစစ်ရပ်တန့်နေမည်မဟုတ်ဘဲ တိုက်ပွဲများဆက်လက်ပြင်းထန်နိုင်ကြောင်း ကချင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူများထံမှသိရသည်။
ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခြင်းဖြင့် KIA ၏ စစ်ရေးရည်မှန်းချက်များကို တားဆီးနိုင်မည်မဟုတ်သော်လည်း ပြည်သူများသတင်းပေးရာတွင် နှောင့်နှေးနိုင်ကြောင်း ကချင်စစ်ရေးလေ့လာသူ အမျိုသားတစ်ဦးက သူ့အမြင်ကိုပြောသည်။
“တခြားနေရာကသတင်းတွေ ကချင်ပြည်ထဲကတပ်တွေမသိအောင် ပြည်သူတွေ စိတ်ဓါတ်ကျအောင် လုပ်တယ်လို့မြင်ပါတယ်။ ဖြတ်လေးဖြတ်ရဲ့သတင်းဖြတ်တဲ့နည်းဖြစ်ပါတယ်။ ပြည်သူတွေက သတင်းပေးဖို့ အခက်အခဲရှိတယ်ဆိုရင် စစ်ဆင်ရေးဆုံးဖြတ်ချက်တွေ နှေးသွားနိုင်ပါတယ်” ဟုပြောသည်။
စစ်ကောင်စီတပ်အနေဖြင့် မကြာမီကာလအတွင်း ဧရာဝတီမြစ်လမ်းကြောင်းတစ်လျှောက်ကိုပါ လက်လွတ်ရဖွယ်ရှိနိုင်ပြီး ကချင်ပြည်နယ်တွင် လေကြောင်းဖြင့် ခုခံရန်အတွက်ပိုမိုလုပ်ဆောင်လာနိုင်ကြောင်း သူကဆိုသည်။
ကချင်ပြည်နယ်တွင် စစ်ရေးနှင့်စီးပွားရေးဗျူဟာကျသောလမ်းများဖြစ်သည့် မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဝိုင်းမော်-ကန်ပိုင်တည်လမ်း၊ မိုးမောက်-လွယ်ဂျယ်လမ်း၊ မြစ်ကြီးနား-ပူတာအိုလမ်း၊ မြစ်ကြီးနား-ဖားကန့်လမ်းတို့ကို KIA က ထိန်းချုပ်ထားသောကြောင့် စစ်ကောင်စီတပ်က လေကြောင်းကိုသာအဓိက အားကိုးနေရသည်။
တစ်နိုင်ငံလုံးနှင့်တိုက်ခိုက်နေသည့် စစ်ကောင်စီတပ်သည် အင်အားချိနဲ့နေပြီဖြစ်ပြီး လက်ရှိထိုးစစ်သည် အဆုံးသတ်တိုက်ပွဲဖြစ်ကြောင်း KIA စစ်ရေးအရာရှိတစ်ဦးကပြောသည်။
“အခုလက်ရှိ စစ်ရေးနဲ့ပတ်သက်ပြီးတော့ ဘာကြောင့်ဆိုတဲ့ မေးခွန်းမေးဖို့ မလိုတော့ပါဘူး၊ ကိုယ့်နေရာကို ပြန်တိုက်ယူတယ်ဆိုတဲ့ လမ်းစဉ်ပါပဲ။ အခုတိုက်နေတဲ့တိုက်ပွဲက နောက်ဆုံးတိုက်ပွဲပဲ၊ ရအောင်တိုက်မယ်” ဟုဆိုသည်။
မြို့ပြစစ်ဆင်ရေးဖော်ဆောင်ခြင်း ရှိ၊ မရှိဆိုသည်မှာ ဗဟိုဌာနချုပ်၏စီမံချက်အတိုင်းဖြစ်ပြီး စစ်ရေးအခြေအနေသည် အချိန်နှင့်အမျှပြောင်းလဲနေသောကြောင့် ခန့်မှန်း၍မရနိုင်သော်လည်း KIA ၏ထိုးစစ်သည် ရပ်တန့်လိမ့်မည်မဟုတ်ကြောင်း သူကဆိုသည်။
KIA အနေဖြင့် စစ်ရေးနှင့်စီးပွားရေးအရ ဗျူဟာမြောက်သောနေရာများကို ဦးစားပေးထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်လာနိုင်ကြောင်း ကချင်နိုင်ငံရေးနှင့်စစ်ရေးလေ့လာသူတစ်ဦးက ၎င်း၏အမြင်ကိုပြောသည်။
“မြို့သိမ်းတိုက်ပွဲတွေ၊ အချက်အချာကျတဲ့နေရာတွေ ဆက်လက်ပြီးထိုးစစ်ဆင်တိုက်ခိုက်မဲ့ အနေအထားရှိပါတယ်။ အခုလည်း ထိုးစစ်ဆင်နေတဲ့အပိုင်းတွေ တောက်လျှောက်လုပ်နေတယ်။ KIA ရဲ့ စစ်ရေးရည်မှန်းချက်ကတော့ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ရေးအရဗျူဟာကျတဲ့ မြို့တွေ၊ စခန်းတွေ စီးပွားရေးအရအချက်အချာကျတဲ့ နေရာတွေကိုအကုန်လုံးကို တိုက်ခိုက်သိမ်းပိုက်မယ်လို့ ကျွန်တော်မြင်တယ်” ဟုဆိုသည်။
KIO/KIA ၏ ရှင်းလင်းသည့်နိုင်ငံရေးပေါ်လစီများဖြစ်သည့် ကချင်ပြည်နယ်တွင် လက်နက်ကိုင်တစ်ဖွဲ့သာရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီရေး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးစသည့် နိုင်ငံရေးရည်မှန်းချက်များရှိနေသည့်အတွက် ထိုးစစ်ရပ်တန့်လိမ့်မည်မဟုတ်ကြောင်း သူကဆက်ပြောသည်။
ကချင်စစ်ရေးလေ့လာသူအချို့က KIA အနေဖြင့် စစ်ကိုင်းနှင့်မန္တလေးဒေသအထိ စစ်မျက်နှာဖွင့်နေရသောကြောင့် ကချင်ပြည်နယ်မှ မြို့ကြီးများကို ယခုနှစ်အတွင်းသိမ်းပိုက်ရန် ခက်ခဲဦးမည်ဖြစ်ပြီး မြို့ကြီးများကို ဝိုင်းဝန်းပိတ်ဆို့ထားမည့် စစ်ရေးဗျူဟာလည်းဖော်ဆောင်နိုင်ကြောင်း သုံးသပ်နေကြသည်။
သတင်းအမှောင်ချခံထားရသော ၁၇ ရက်တာကာလအတွင်း ကချင်ပြည်နယ်တွင် KIA က ဗန်းမော်၊ မိုးမောက်နှင့် မြစ်ကြီးနားမြို့အထက်ဘက်ရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်နေသကဲ့သို့ စစ်ကောင်စီတပ်ကလည်း မြစ်ကြီးနားမြို့ပတ်ပတ်လည်တွက် ခုခံစစ်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်ကိုတွေ့ရသည်။
အချုပ်အားဖြင့်ဆိုရသော် စစ်ကောင်စီတပ်က ကချင်ပြည်နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားပြီး ပြည်သူလူထုကို သတင်းအမှောင်ချထားကာ ခုခံစစ်အတွက် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည့်အပြင် KIA ပူးပေါင်းတပ်ကလည်း ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည့်ကြားမှ ၎င်းတို့၏ စစ်ရေးရည်မှန်းချက်ကို မည်ကဲ့သို့ အကောင်အထည်ဖော်သွားမည်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ